လားရှိုး မေ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မေလ ၆ ရက်နေ့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များပြိုလဲခြင်း၊ သစ်ကိုင်းနှင့်ဓာတ်တိုင်များကျိုးကျခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
ဖြစ်စဉ်မှာ မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်မှ ၃နာရီအထိ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လားရှိုးမြို့ အမှတ်၁ရပ်ကွက်ရှိ ခရေလမ်းတွင် ညောင်ပင်ပြိုလဲခြင်း၊ ရုံးကြီးလမ်းသွယ်နှင့် သိပ္ပံလမ်းတို့တွင် သစ်ကိုင်းများကျိုးကျခြင်း၊ ဘူတာလမ်းမတွင် ဓာတ်တိုင်များ ကျိုးကျခြင်းနှင့် မြဝတီလမ်းတို့တွင် ဓာတ်တိုင်များ ယိုင်စောင်းသွားခြင်းများဖြစ်ပွားခဲ့သည်။
ထိုသို့ဖြစ်ပွားခြင်းကြောင့် ယာဉ်ကြောပိတ်ဆိုမှုများ မဖြစ်ပွားစေရေးအတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦး ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)