စဉ့်ကိုင်မြို့နယ် လင်းဇင်းကျေးရွာ၌ အသိပညာပေး ဟောပြောပွဲကျင်းပ

စဉ့်ကိုင် မေ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အသိပညာ၊ အတတ်ပညာများရရှိပြီး ဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်သည့်အ‌လေ့အကျင့်‌ကောင်းများရရှိလာစေရန် အသိပညာပေးဟောပြောပွဲကို လင်းဇင်းကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှင့်ပတ်သက်၍ လိုက်နာရမည့် အချက်များနှင့် ရှောင်ရန်/ဆောင်ရန်များကိုလည်းကောင်း၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးသီဟကျော်က လတ်တလောလေထု အ‌ခြေအနေညစ်ညမ်းမှုနှင့်စပ်လျဉ်း၍ မီးခိုးမြူငွေ့သက်ရောက်မှုကြောင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာအခြေအနေများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များအပေါ် ထိခိုက်မှုလျော့ပါးစေရေး "မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ပါးစေရေး ပူးပေါင်းပါဝင်ဆောက်ရွက်ကြပါစို့" ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရန်နည်းလမ်းများကိုလည်းကောင်း အများပြည်သူများ သိရှိစေရန် အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲပြီးနောက် တက်ရောက်လာကြသည့် ကျေးရွာသူ/ရွာသားများအား အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)