မြစ်သား မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများကျန်းမာရေးနှင့်အညီနေထိုင်နိုင်ရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဘူတာရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်က ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမကြီးဒေါ်ခင်မြဝင်းက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန်၊ ကိုယ်ဝန်ဆောင်မိခင်များကာကွယ်ဆေးထိုးနှံပေးရန်နှင့် ရောဂါမဖြစ်ပွားအောင်ကာကွယ်ရန်စသည့် ကျန်းမာရေးအသိပညာပေးခြင်းအကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့်အဖွဲ့ဝင်များက ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)