နမ့်စန်(တ) မေ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးကျော်နိုင်သွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
သင်ကြားရေးဆရာ/ဆရာမများ၏ စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းဆိုင်ရာ၊ စံသတ်မှတ်ချက်နှင့်ကိုက်ညီသည့် မေးခွန်းပြုစုရေးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုများ မြှင့်တင်ရန်နှင့်စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာလုပ်ငန်းများတွင် ကျောင်းအုပ်ကြီးများ၏ စီမံအုပ်ချုပ်မှုဆိုင်ရာအရည်အသွေးပိုမိုတိုးတက်လာစေရန်တို့ကိုရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး အပတ်စဉ် စနေနေ့တိုင်း သင်တန်းကာလ(၈)ရက် ဖွင့်လှစ်၍ မြို့နယ်ပညာရေးမှူးနှင့်နည်းပြများက သင်ကြားပို့ချသွားမည်ဖြစ်ပြီး နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၂၉)ကျောင်း ၊ ကိုယ်ပိုင်ကျောင်း (၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်း(၁၃၄)ကျောင်း မှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံဆရာ/ဆရာမ စုစုပေါင်း(၁၅၀)ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးဝင်းကျော် ထံမှသိရသည်။
သူရအောင်(နမ့်စန်)