ချမ်းအေးသာစံ မေ ၉
မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကြီးမှူးကာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မူလတန်းပြဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း တိုင်းဒေသကြီးအဆင့်(ဆင့်ပွား) ဆွေးနွေးပွဲ(ပိတ်ပွဲ)အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာမြင့်မိုရ်ခန်းမဆောင်၌ မေ ၉ ရက်မွန်းလွဲပိုင်းက ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ) ဦးအောင်ဆွေဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမများက တို့ကျောင်းတော် သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း သင်တန်းဆင်းလက်မှတ်များအားပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားဆရာတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ သင်တန်းသား၊ သင်တန်းသူများက အနုပညာစွမ်းရည်များဖြင့် ကပြဖျော်ဖြေသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ) ဦးအောင်ဆွေဦး၊ ဒုတိယညွှန်ကြားရေးမှူး(စီမံကိန်းများကြီးကြပ်အကဲဖြတ်ဌာန) ဦးစိုးမြင့်ချိုနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ သင်တန်းသားဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)