တိုက်ကြီးမြို့နယ်၌ နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

တိုက်ကြီး မေ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ တီထွင်ကြံဆနိုင်စွမ်းနှင့် စိတ်ကူးစိတ်သန်းများ ပိုမိုရင့်သန်လာစေရန် ရည်ရွယ်ကာ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့မှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်လျက်ရှိသည်။

သင်တန်းဖွင့်လှစ်ရာတွင် အထက(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက သင်တန်းမှတစ်ဆင့် ဝါသနာတူသူငယ်ချင်းအသစ်များနှင့် ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေနိုင်ကြောင်း ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ‌ဒေါ်စောဝတ်ရည်က အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် အရောင်အသွေးများ အသုံးပြုပုံ၊ အလင်းအမှောင် သဘောတရားနှင့် အခြေခံမျဉ်းကြောင်းများ ရေးဆွဲပုံတို့ကို စနစ်တကျ တတ်မြောက်စေရန် ရည်ရွယ်၍  သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး တက်ရောက်ပြီး သင်တန်းနည်းပြအဖြစ် ပန်းချီပညာရှင် ကျောင်းဆရာကြီး(အငြိမ်းစား)မှ ရက်သတ္တပတ် တစ်ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)