မြစ်ကြီးနား မေ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ဖျားဧရာ အဝေးပြေးယာဥ်ရပ်နားစခန်းအား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်နေစေရေး၊ ယာဥ်များစနစ်တကျရပ်နားနိုင်ရေး ရေစီးရေလာ ကောင်းမွန်ရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့ ဝင်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ယာဥ်ရပ်နားစခန်း တာဝန်ခံတို့နှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါယာဥ်ရပ်နားစခန်း အုပ်ချုပ်ရေးရုံးခန်း၌ တွေ့ဆုံပြီး ယာဥ်ရပ်နားစခန်းအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးမျိုးဝင်းက မြစ်ဖျားဧရာ အဝေးပြေးယာဥ်ရပ်နားစခန်းအတွင်း ယာဥ်ရပ်နားဂိတ်များနှင့် စျေးဆိုင်ခန်းများ ဖွဲ့စည်းတည်ဆောက်ထားရှိပုံအား ရှင်းလင်းတင်ပြပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူးက အဆိုပါယာဥ်ရပ်နားစခန်းအတွင်း ယာဥ်ဝင်ခနှင့် ယာဥ်ရပ်နားဂိတ်များ၊ စားသောက်ဆိုင်နှင့် စျေးဆိုင်ခန်းများမှ အခွန်ကောက်ခံရရှိမှု အခြေအနေများကို တင်ပြရာ ပြည်နယ်ဝန်ကြီးက အဆိုပါယာဥ်ရပ်နားစခန်းအား မြို့တော်အင်္ဂါရပ်နှင့်အညီ အစဥ်အမြဲ သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ အမှိုူက်များ စနစ်တကျ စွန့်ပစ်စေရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများအတွင်း အမှိုက်များဆယ်ယူရှင်းလင်းနိုင်ရေး၊ ယာဥ်များ စနစ်တကျရပ်နားမှုရှိစေရေးအတွက် တာဝန်ခံမှ စည်းကမ်းထိန်းသိမ်းကြပ်မတ်ရေးနှင့် အဆိုပါယာဥ်ရပ်နား ဂိတ်များရှိ တာဝန်ရှိသူများမှ စခန်းသန့်ရှင်းသာယာရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အဆိုပါ အဝေးပြေးယာဥ်ရပ်နား စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယာဥ်ရပ်နားစခန်းအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းလုပ်သားများမှ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနှုတ်မြောင်းအတွင်း အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးကာ ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့သည်။
ထိုမှတဆင့် ပြည်နယ်နယ်ဝန်ကြီးသည် မြို့သစ်ကြီးရပ်ကွက်ရှိ မလိခပန်းဥယျာဥ်အနီး ရေကြည်ချောင်း တူးဖော်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ တူးဖော်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ရေစင်ကွင်းဈေးအတွင်း ရေဝပ်စိုထိုင်းမှု မရှိစေရေးအတွက် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန် ရေးနှင့် အနံ့အသက် ကောင်းမွန်ရေးအတွက် အဆိုပါစျေးအတွင်းရှိ ရေနှုတ်မြောင်းများအတွင်း အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးကာ အဆိုပါစျေး အစဥ်အမြဲ သန့်ရှင်းသပ်ရပ် နေစေရေး တာဝန်ရှိသူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)