အုတ်ဖို မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရှမ်းကုန်းကျေးရွာအုပ်စုနှင့် တိမ်မြုတ်ကျေးရွာအုပ်စုတွင် မေလ ၁၀ ရက်နေ့က ဖြစ်ပွားသောလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အမိုးလန်လူနေအိမ်များနှင့်ပြိုလဲနေအိမ် (၁)လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ထောက်ပံ့ငွေနှင့်ပစ္စည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေဘေးသင့်အမိုးလန်ပျက်စီး နေအိမ် (၄)လုံးနှင့် ပြိုလဲနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၅)စုရှိလူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၄၀၀,၀၀၀) ကျပ်ကို လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ပြိုလဲနေအိမ်(၁)လုံးအတွက် (၁၀၀,၀၀၀)ကျပ်ထောက်ပံ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လေဘေးသင့်နေအိမ်များအတွက် တစ်အိမ်လျှင်စောင်၊ တာပေါ်လင်နှင့် ကျန်းမာရေးသုံးပစ္စည်း (၁၉)မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ အုတ်ဖို