ကျောက်ပန်းတောင်းမြို့နယ်၌ အရေးကြီးသီးနှံအဖြစ် ပန်းတိုင်သတ်မှတ်ထားသည့် သီးနှံ ၁၄ မျိုး စိုက်ဧက မှန်ကန်မှုရှိ/မရှိ ခရိုင်နှင့်မြို့နယ် စိစစ်ရေးကော်မတီအဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများအတွင်း အရေးကြီးသီးနှံအဖြစ် ပန်းတိုင်သတ်မှတ်ထားသည့် သီးနှံ(၁၄) မျိုး၏ စိုက်ဧကများ မှန်ကန်မှု ရှိ/မရှိ ကို၊ မေ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ က၊ ဆင်တိုင်းကန်ကျေးရွာအုပ်စုနှင့် တံခါးမကျေးရွာအုပ်စုများသို့  ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေး၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်၊ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့် သီးနှံ (၁၄)မျိုး စိုက်ဧကများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး‌ ဒေါ်ခင်အေးအေးမော်နှင့်ဝန်ထမ်းများက ဆင်တိုင်းကန်ကျေးရွာအုပ်စု ကြံစို့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တောင်သူ  ၄၈ ဦးနှင့် လည်းကောင်း၊ တံခါးမကျေးရွာအုပ်စု တံခါးမကျေးရွာဓမ္မာရုံ၌ တောင်သူ ၆၂ ဦးတို့နှင့် လည်းကောင်းတွေ့ဆုံခဲ့ကြပြီး၊ မြို့နယ်ဥက္ကဋ္ဌနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးတို့က တောင်သူများအား သတ်မှတ်သီးနှံများ ဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် အလေးထားဆောင်ရွက်ရေး ဆွေးနွေးမှာကြားကြသည်။ ယင်းနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ်၊ ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အရေးကြီးသီးနှံအဖြစ် ပန်းတိုင်သတ်မှတ်ထားသည့် သီးနှံ(၁၄)မျိုးအနက် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ချည်မြှင်ရှည်ဝါနှင့် ကြက်သွန်နီ အစရှိသည့် သီးနှံ (၈)မျိုးသာ စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ သိရပြီး၊ အဆိုပါ သီးနှံများ စိုက်ဧက ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာဌာနများကလိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး၊ တောင်သူများကလည်းရရှိလာသည့် မိုးလေဝသ အခြေအနေကောင်းများအပေါ်တွင်တည်မီ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)