ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပတ်ခြင်းနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

မိုင်းတုံ မေ ၁၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်အဖွဲ့သည် ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ သစ်စိမ်းမြဩဇာ (ပိုက်ဆံလျှော်) ကြဲပတ်ခြင်းနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား စိုက်ပျိုးဦးစီးဌာနမှ တာဝန်ရှိသူက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ကြဲပက်ရခြင်း၏ ရည်ရွယ်ချက်များ၊ သစ်စိမ်းမြေဩဇာကျွေးခြင်းဖြင့် မြေဆီလွှာ၏ဂုဏ်သတ္တိများကို ပြုပြင်ပြောင်းလဲခြင်း၊ မြေတွင်းသစ်ဆွေးဓာတ်များစွာ တိုးတက်စေခြင်း၊ အကျိုးပြုအဏုဇီဝများ တိုးပွားစေခြင်းနှင့် မြေဆီလွှာ၏ ချဉ်ငံကိန်းကိုလည်း ထိန်းထားပေးခြင်းစသည့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပတ်နေမှုအား လှည့်လည်ကြည့်ရှူခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မျိုးကျော်စိုး