မြောင်းမြ မေ ၁၃
ဧရာဝတီတိုင်းဒေသသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်း အခမ်းအနားအား ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြောင်းမြမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန္ဒာအောင်နှင့် တိုင်းဒေသကြီး၊ အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်တို့က အမှာစကားများအသီးသီးပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်ဥမ္မာမြင့်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၁၀၉) ဦးတို့၏ မိုးစပါးစိုက်ဧက(၈၀၇) ဧကအတွက် တစ်ဧကလျှင် ကျပ် (၃) သိန်းနှုန်းဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား မြောင်းမြမြိူ့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ တံခွန်တိုင်ကျေးရွာအုပ်စုအတွက် မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၂၄၂၁၀၀၀၀၀ အား ထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး မြောင်းမြမြို့နယ်အတွင်း ကျေးရွာအုပ်စုများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဖြိုး (ပြန်/ဆက်)