ကျိုင်းတုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ကျိုင်းတုံ မေ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အရင်းအနှီးများရရှိစေရန်အတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးတွင် ဒေသခံတောင်သူများအား စတင်ထုတ်ချေးပေးကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် စပါးစိုက်ဧက တစ်ဧကကို ငွေကျပ် ၃၀၀,၀၀၀ နှုန်း တစ်နှစ်လျှင် အတိုး ၅ ရာခိုင်နှုန်းဖြင့် ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စုမှ တောင်သူ ၃၂ ဦး၊ စိုက်ပျိုးဧက ၁၇၉ ဧကအတွက် စုစုပေါင်းငွေကျပ် ၅၃၇ သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးမှ ထုတ်ချေးပေးကြောင်း သိရသည်။

ထို့အပြင် ကျိုင်းတုံမြို့နယ်အတွင်းရှိကျန်ရှိသည့် ကျေးရွာအုပ်စုများမှ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင်ဘဏ်ခွဲ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးကျော်လွင်အောင်ထံမှ သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)