ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနှင့် အေးသာယာစက်မှုဇုန်အား ကြည့်ရှုစစ်ဆေး

တောင်ကြီး မေ ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနှင့် အေးသာယာစက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး-စလဲ-လဲသက် လမ်းနေရာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ၆၀ ပေ အကျယ်လမ်းတာဘောင်ချဲ့၍ ၁၈ ပေ အကျယ် ကတ္တရာလမ်းခင်းခြင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဒုချဲ့ပြီးအပိုင်းပေါ်တွင် ၁၈ ပေ အကျယ်ရရှိစေရန် ကတ္တရာလမ်းခင်းခြင်း၊ ၁၂ ပေ အကျယ် ကတ္တရာလမ်းပြုပြင်ခြင်းနှင့် ကျောက်စီရေမြောင်းတည်ဆောက်ခြင်း လုပ်ငန်းနေရာများသို့လည်းကောင်း၊ အေးသာယာ-ညောင်ရွှေ-မိုင်းသောက်-နမ့်ပန်-တုံဟုံး-ပင်လောင်း လမ်းနေရာ၌ ရက်(၁၀၀)စီမံချက်ဖြင့် လမ်းအနိမ့်အမြင့်ညှိ၍ ရေပိတ်လွှာလောင်းခြင်း၊ Box Culvert ပြုပြင်ခြင်း၊ ကျောက်စီရေမြောင်း/ မြေကာနံရံပြုပြင်ခြင်းအားလည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့် ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ လမ်းအနိမ့်အမြင့်ညှိ၍ ရေပိတ်လွှာလောင်းခြင်း၊ လမ်းပုံဖော်ခြင်း/ လမ်းပခုံးပြုပြင်ခြင်း၊ Box Culvert တည်ဆောင်ခြင်း/ တံတားပြုပြင်ခြင်း လုပ်ငန်းလျာထားနေရာများကိုလည်းကောင်း  ကြည့်ရှုစစ်ဆေးရာလမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြမှုအပေါ်  ပြည်နယ်ဝန်ကြီးက လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရာ စက်မှုဇုန်ကော်မတီဝင်များ၊ လုပ်ငန်းရှင်များက စက်မှုဇုန်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်၍ အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက စီးပွားရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်းများကို အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရှိန်အဟုန်မြှင့်တင်၍ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်‌ပေးကြရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် အေးသာယာစက်မှုဇုန်အတွင်းရှိ စားသုံးဆီထုတ်လုပ်သည့် ဆီစက်လုပ်ငန်းနေရာသို့ လည်းကောင်း၊ ပြောင်းအခြောက်ခံစက်ရုံသို့လည်းကောင်း၊ ဆိုင်ကယ်ထိုင်ခုံများ၊ ဆိုင်ကယ်ဦးထုတ်များ၊ လူသုံးကုန်ပလက်စတစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံနေရာများသို့လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် အဝေးပြေးခရီးသည်ယာဉ်ရပ်နားစခန်း (အေးသာယာ)၌ ကားကြီးကွင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များအား တရားမဝင်ကုန်စည်စီးဆင်းမှုများမရှိစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခရီးသည်များ ခရီးသွားလာရေးတွင် အဆင်ပြေချောမွေ့အောင် စနစ်တကျဆောင်ရွက်ပေးကြရန်နှင့် ယာဉ်အခြေအနေအား အမြဲစစ်ဆေးဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားပြီး အဝေးပြေးခရီးသည်ယာဉ် ရပ်နားစခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)