ဆီဆိုင် မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ဆီဆိုင်)ကျောင်းရှိ ယုဇနခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက မိတ်ဆက်စကားများအသီးသီးပြောကြားကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်ကျော်ရန်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးတင်ပြကြရန် ဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းစီမံချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ဆက်လက်၍ ဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့သည် ဆီဆိုင်မြို့ရှိ မြို့နယ်ခန်းမနှင့် ယာယီမြို့မဈေးတို့ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့သည် မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်တိုက်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက ဒေသလိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းက လွှတ်တော်အတွေ့အကြုံများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ ဒေသ၏လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ညနေပိုင်းတွင် ဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့သည် ပါလောပါကယ်ကျေးရွာအုပ်စု၊ နန်းဟူးကျေးရွာရှိ မြို့နယ်စိုက်ပျိုးဦးစီးဌာန၏ ဘန်းယဉ်မျိုးသန့်ခြံသို့ သွားရောက်၍ ပျိုးပင်များစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ မျိုးသန့်ခြံတာဝန်ခံမှ မျိုးသန့်ခြံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသဦးစီးဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)