နတ်မောက် မေ ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ဘုန်းတော်ပြည့်ကျေးရွာအုပ်စု၊ ဘုန်းတော်ပြည့်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ကျွဲ၊နွားများအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာခင်ခင်ပြည့် ဦးဆောင်၍ ဌာနရှိဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေး လုပ်သားများက ဘုန်းတော်ပြည့်ကျေးရွာရှိ နွားအကောင်ရေ(၄၀၀)ကောင်အား လည်ချောင်းကွဲရောဂါ၊ ဒေါင့်သန်းရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါများအတွက် ကာကွယ်ဆေးများကို အခမဲ့ထိုးနှံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မြို့နယ်အတွင်း အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နွားမွေးမြူသူများအနေဖြင့် တိရစ္ဆာန်ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ဆောင်ရန်၊ ရှောင်ရန် အချက်များကို ကျေးရွာရှိတောင်သူများအား အသိပညာပေးဟောပြောခဲ့ပြီး မွေးမြူရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း