ပန်းဘဲတန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပန်းဘဲတန်း မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က   အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဧကရီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ပန်းဘဲတန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးထွန်း‌ကျော်နိုင်က
အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပညာရေးမှူး ဒေါ်ညွှန့်ညွှန့်အေးမှ ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား

ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်မှအခမဲ့ပေးအပ်သော ဗလာစာအုပ်၊ ပုံနှိပ်၊ ကျောင်းဝတ်စုံ၊ ခဲတံ၊ ဘောလ်ပင်များအား လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ပေးအပ်ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ ဗလာစာအုပ်များ ပေးအပ်ခဲ့ကြပါသည်။ 
ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ခိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွေး၊  ခရိုင်ပညာရေးမှူး ဒေါ်ညွှန့်ညွှန့်အေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဥမ္မာတုပ်နှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစံရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းအဖွဲ့ဝင်များ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)