ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မလှိုင်မြို့နယ်အတွင်း မဲစာရင်းကြေညာထားမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး

မလှိုင်  ဇူလိုင် ၆ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မလှိုင်မြို့နယ်ကော်မရှင်ရုံးအစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါတွေ့ဆုံပွဲတွင် မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်၊ ဦးညွန့်မောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များဖြစ်ကြသော ခရိုင်စာရင်းစစ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြဝင်း၊  ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်စိန်နှင့်  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးကျော်စိုးတို့က လမ်းညွှန်အမှာစကားများပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်တင်က မဲဆန္ဒရှင်စာရင်း (ပထမအကြိမ်) ကြေညာထားခြင်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များအနေဖြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခြေအနေနှင့် အခက်အခဲများကို တစ်ဦးချင်းစီမှ ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြရာ ခရိုင်ကော်မရှင်အတွင်းရေးမှူး ဦးမျိုးမင်းထိုက်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ 

ယင်းနောက် မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များသည်အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊  ပန်းအိုင်ကျေးရွာ၊ သိမ်ကုန်းကျေးရွာတို့တွင် မဲစာရင်းများကပ်ထားကြေညာထားမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)