တောင်ငူမြို့၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တောင်ငူ မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အထက (၄) အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်  ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ရေးအတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းနှင့် ကျောင်းအပ်နှံရေးနေ့သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကားပြောကြားပြီး နိုင်ငံတော်က အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်များကိုပေးအပ်ရာ ခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်း လက်ခံရယူသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက နိုင်ငံတော်က အခမဲ့ဖြန့်ဝေသော ဗလာစာအုပ်များကိုပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်းက လက်ခံရယူသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းစုလှိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်တို့က နိုင်ငံတော်ကအခမဲ့ဖြန့်ဝေသော ကျောင်းဝတ်စုံများ၊ ဘောပင်၊ ခဲတံနှင့် သင်ထောက်ကူ ပစ္စည်းများအား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာရည် ဒို့လှမ်းချီ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)