ပဲခူး ဇွန် ၂
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းများ တိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်များအလိုက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှု ရာခိုင်းနှုန်းတိုးတက်မြင့်မားစေရေး သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ရပ်မိ/ ရပ်ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်နေမှုအခြေအနေများ တင်ပြရန်နှင့် လိုအပ်ချက်များရှိပါက ချက်ခြင်းဖြေရှင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက မြို့နယ်အလိုက် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်နေမှုနှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ကြားနေမှုအခြေအနေများကိုလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက စာသင်ကျောင်းများအလိုက် ကျောင်းအပ်နှံမှု တိုးတက်မြင့်မားလာစေရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် သက်ဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား သုံးသပ်ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးပညာရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံရမည့် လျာထားကျောင်းသားဦးရေ၊ ကျောင်းအပ်နှံမှုရာခိုင်နှုန်းနှင့် ကျောင်းတက်ရောက်မှု ရာခိုင်းနှုန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ အစိုးရအဖွဲ့တာဝန်ရှိသူများက ယခင်နှစ်ကျောင်းအပ်နှံမှုနှင့်အတူ ယခုနှစ်တွင်လည်း လျာထားချက်ပြည့်မီစွာ ကျောင်းတက်ရောက်နိုင်ရေး ဝိုင်းဝန်းအကြံပြု တင်ပြခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)