ပေါင်းတည်၌ ရေဆင်းပေါ်ဆန်းမျိုးသန့် မျိုးပွားစံပြစိုက်ခင်းများ၌ မျိုးကွဲနှုတ်ပယ်ခြင်းများဆောင်ရွက်

ပေါင်းတည် ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ နတ်ပုတီးကျေးရွာ၊ သပြေကြီးစုကျေးရွာနှင့် အုပ်ဖို (၁) ရပ်ကွက်များရှိ စပါးစိုက်ပျိုးမြေများတွင် ယခုနွေစပါးရာသီ၌ စိုက်ပျိုးထားသည့် ရေဆင်းပေါ်ဆန်း (၁) နှင့် ရေဆင်းပေါ်ဆန်း (၂) မျိုးသန့်မျိုးပွား စံပြစိုက်ခင်းများအတွင်း မျိုးကွဲပယ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ကြပ်ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ဒေသခံတောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် စပါးမျိုးစိုက်ပျိုးထုတ်လုပ်ရေးနှင့် တန်ဖိုးမြင့်လယ်ယာထုတ်ကုန်သီးနှံများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံနှင့်ပူးပေါင်း၍ ဒေသမျိုးရင်းများအပြင် ဈေးကွက်ဝင်စပါးမျိုးကို စိတ်ကြိုက်မျိုးရွေးချယ်၍ စိုက်ပျိုးလျက်ရှိကြောင်းသိရပြီး ယခုနွေစပါးရာသီ၌လည်း တောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ်များရယူကာ အဆိုပါ ရေဆင်းပေါ်ဆန်းစပါးကို မျိုးသန့်ထုတ်လုပ်ဖြန့်ချိရေးအတွက် (၁၀) ဧက စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ထိုမျိုးသန့်မျိုးပွားစံပြစိုက်ခင်းများသည် ဖြစ်ထွန်းအောင်မြင်လျက်ရှိကြပြီး လာမည့် ယခုဇွန်လဆန်းပိုင်းတွင် မျိုးသန့်ထုတ်လုပ်နိုင်ရေးအတွက် ရိတ်သိမ်းနိုင်တော့မည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

ရွှေသား(IPRD)