ရန်ကုန် ဇွန် ၂
၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ နပန်းသင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၃၀ ရက်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ နပန်းအားကစားလေ့ကျင့်ရေးရုံ၌ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးအာကာလွင်မောင်၊ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မြင့်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းမာထွေးနှင့် မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်မှဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဆန်း၊ အားကစားနှင့်ကာယပညာသိပ္ပံပညာ (ရန်ကုန်) ဒုတိယကျောင်းအုပ် ဦးအောင်မျိုးဝင်း၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ နည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး နပန်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးအာကာလွင်မောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးနိုင်မြင့်ဦးတို့က အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို တက်ရောက်လာကြသည့်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်မှ မျိုးဆက်သစ်အားကစားသမားများက သရုပ်ပြသကြပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းသင်တန်းကို ဖေဖေါ်ဝါရီ ၁၆ ရက်မှ မေ ၃၀ ရက်အထိ အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းပို့ချခဲ့၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်တန်းသား ၃၅ ဦး၊ သင်တန်းသူ ၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)