ပန်းတောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ပန်းတောင်း ဇွန် ၂

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိနားလည်ပြီး ရှောင်ကြဉ်နိုင်စေရန်နှင့် ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့နယ်​​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်တွင် တိုင်းပြည်က အားကိုးရမည့် သားကောင်းရတနာသမီးကောင်းရတနာများ ဖြစ်လာစေရန် မူးယစ်ဆေးဝါး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးကြောင့် လူငယ်များ၏ အနာဂတ်လမ်းပျောက်ကွယ်သွားနိုင်သည့် အခြေအနေများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ပြီး စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးစာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)