ကျောက်ကြီးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ စတင်ကျောင်းတက်ရောက်

ကျောက်ကြီး ဇွန် ၂

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ယမန်နေ့နံနက်ပိုင်းက စတင်ပြီး ကျောင်းသား/ ကျောင်းသူများ စတင်ကျောင်းတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၁) ကျောင်း၊ အလယ်တန်းကျောင်း (၆) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၄) ကျောင်း၊ မူလတန်းလွန် (၈၉) ကျောင်း၊ မူလတန်းကျောင်း (၅) ကျောင်း၊ မူလတန်းကျောင်းခွဲ (၃) ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း (၁) ကျောင်း စုစုပေါင်း (၁၃၅) ကျောင်းရှိပြီး၊ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် ကျောက်ကြီးမြို့နယ်၌ နယ်မြေအခြေအနေအရ အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၂) ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၄) ကျောင်း၊ မူလတန်းလွန် (၁၈) ကျောင်း၊ မူလတန်းကျောင်း (၁) ကျောင်း စုစုပေါင်း ကျောင်း (၂၈) ကျောင်းဖွင့်လှစ်နိုင်ပြီး၊ ယာယီကျောင်း စုစုပေါင်း(၁၀၇) ကျောင်း ပိတ်ထားကြောင်းနှင့် လက်ရှိကျောင်းသား/ ကျောင်းသူ (၅၇၃၉) ဦး အပ်နှံထားရှိပြီး၊ ယနေ့တွင် ကျောင်းတက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူ (၅၇၃၉) ဦး တက်ရောက်၍ ကျောင်းသား/ ကျောင်းသူ ကျောင်းတက်ရောက်ထားရှိမှု (၁၀၀.၀၀) ရာခိုင်နှုန်းရှိကြောင်း၊ ဇွန်လ ၁ ရက်နေ့မှစတင်ပြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ပြောကြားချက်အရ သိရသည်။

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအခြေအနေအား ကျောက်ကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးပြီး စာသင်ကျောင်းလုံခြုံရေးနှင့် ကျောင်းလိုအပ်ချက်များအား စီမံဆောင်ရွက်ပေးထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)