ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ၌ ဝါးအခြေခံ လက်မှုသင်တန်းဖွင့်လှစ်

ကော့မှူး ဇွန် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သော ဝါးအခြေခံ လက်မှုထည်သင်တန်းကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ ရတနာမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်း၌ ဝါးအခြေခံလက်မှုထည် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန်နွယ်က အဖွင့်အမှာစကားပြောကြားရာတွင် ဝါးပင်များ၏ တန်ဖိုးရှိပုံနှင့် အကျိုးကျေးဇူးများ၊ ဝါးပင်များမှ ပေးစွမ်းနိုင်သည့် ထုတ်ကုန်များ ဝါးလက်မှုပစ္စည်းပြုလုပ်ပုံအဆင့်ဆင့်၊ ဈေးကွက်အခြေအနေများကို ရှင်းလင်းပြောကြားပြီး သန်လျင်ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးက ဝါးအခြေခံလက်မှုထည် သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်းက ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဝါးအခြေခံလက်မှုထည် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန်နွယ်နှင့်အဖွဲ့ဝင် တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းဆရာနှင့် သင်တန်းသား သင်တန်းသူများ ကျေးရွာနေပြည်သူများ တက်ရောက်ကြပြီး သင်တန်းကို ဇွန် (၂) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)