တောင်ငူမြို့နယ်အတွင်း ပြည်သူများ ယာဥ်အန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှုမရှိစေရေး အသိပညာ​ပေးလုပ်ငန်းများဆောင်ရွက်

တောင်ငူ ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ပြည်သူများ၊ကျောင်းသားကျောင်းသူများ ယာဥ်တိုက်မှုကြောင့် ထိခိုက်သေဆုံးမှုမရှိရေးအတွက်  အမှတ်(၁၂)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (တောင်ငူ)မှ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ယာဥ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၂)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တောင်ငူ)မှ ဒုတိယရဲမှူး သိန်းထိုက်စိုးဦးဆောင်၍ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် တောင်ငူမြို့၊ ရန်ကုန်- မန္တလေးလမ်းရှိ လူစည်ကားရာလမ်းဆုံများနှင့်လမ်းများတွင် ပြည်သူများအား ယာဥ်တိုက်မှု ဖြစ်ပွားသည့် အကြောင်းအရင်းများနှင့်  ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။  

အမှတ်(၁၂)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တောင်ငူ)မှ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့်ကျောင်းသားကျောင်းသူများ ကျောင်းတက်ကျောင်းဆင်းချိန်များတွင် ယာဥ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဥ်လမ်းကြောင်း ရှင်းပေးသည့်လုပ်ငန်းများ နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)