ကျောက်ဆည် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်ခန်းမ၌ ခရိုင်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ရောင်စုံပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “ကလေးများလက်ထဲက စိမ်းလန်းသောကမ္ဘာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရောင်စုံပန်းချီပြိုင်ပွဲတွင် “ရာသီဥတုကောင်းမွန်ဖို့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)