သင်္ဃန်းကျွန်း ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဆုတောင်းပြည့် ကျိုက္ကစံဆံတော်ရှင်စေတီ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ လူမှုထူးချွန် (ပထမဆင့်) အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးသိန်းဝင်းအား ရည်စူး၍ (ချစ်ဇနီး) မဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဝဏ္ဏကျော်ထင် ဒေါက်တာနီနီနှင့် သား၊ သမီး၊ မြေးတစ်စု၊ ရွှေသံလွင်ကုမ္ပဏီလီမိတက်မိသားစုက ၁ ကျပ်သားရွှေပြား ၅ ချပ်နှင့် ရွှေသင်္ကန်းအလှူတော်ငွေ ၅၃၄၁၇၅၀၀/- ကျပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ဦးစွာ ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပြီး တိုင်းသံဃာ့နာယက ဥက္ကဠဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ရွှေသံလွင်ကုမ္ပဏီလီမိတက်မိသားစုက ၁ ကျပ်သားရွှေပြား ၅ ချပ်နှင့် ရွှေသင်္ကန်းအလှူတော်ငွေ ၅၃၄၁၇၅၀၀/- ကျပ်အား လှူဒါန်းပြီး စေတီတော်ဂေါပကအဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘုရားသုံးဆူ ကျောင်းတိုက်ဆရာတော်က အနုမောဒနာတရား ဟောကြားချီးမြှင့်ပြီး သင်္ဃန်းကျွန်းမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဠ ဒေါက်တာသောဘနာ လင်္ကာရ ဆရာတော်က ရေစက်ချမင်္ဂလာတရား ဟောကြားကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချလှူဒါန်းခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားရုတ်သိမ်းပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)