ပဲခူး ဇွန် ၂
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အကောင်အထည်ဖော် ဆောင်ရွက်သော ဘေးထိခိုက် လွယ်သည့် ဒေသများတွင် ကဏ္ဍအားလုံး၌ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း စွမ်းဆောင်ရည် အရှိန်အဟုန်မြှင့်တင်သည့် လုပ်ငန်းစီမံချက်၏ အစိတ်အပိုင်းဖြစ်သည့် Heat Action Day အထိမ်းအမှတ်အဖြစ် ပဲခူးမြို့ လူစည်ကားရာနေရာများ၌ ယနေ့၊ နံနက်ပိုင်းက အသိပညာပေးခြင်းလုပ်ငန်းများစုပေါင်းဆောင်ရွက်ကြသည်။
Heat Action Day အထိမ်းအမှတ် အသိပညာပေးလှုပ်ရှား ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မိတ်ဖက် အဖွဲ့အစည်းများဖြစ်ကြသည့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်နှင့်စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ စုပေါင်းပြီး ပဲခူးမြို့ လူစည်ကားရာ နေရာများဖြစ်သည့် နာရီစင်ပန်းခြံရှေ့နှင့် ပဲခူးမြို့မစျေးကြီး တို့တွင် ပြည်သူများအား မြို့ပြအပူလှိုင်းများ သတိပြုမိပါသလား၊ မြို့ပြအပူလှိုင်း အန္တရာယ်လျှော့ချဖို့ သတိပြုကာကွယ်ကြပါစို့၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်နိုင်ခြေရှိသော နာမကျန်းမှုများနှင့် လက္ခဏာများ၊ ကာကွယ်ရမည့်အချက်များ၊ ပြင်းထန်သော အပူချိန်အောက်တွင် အလုပ်လုပ်နေသောသူများ အပူဒဏ်ကင်းဝေးစေရန် အကြံပြုချက် စသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်း၊ ရေသန့်၊ Royal-D နှင့် ပုခုံးတင်သဘက်များအား လက်ဆောင်ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)