ကော့မှူးမြို့နယ်ကျိုက်ထော် (မြောက်) ကျေးရွာ ညောင်ပင်ဆိပ်ကမ်း၌ ရေယာဉ်‌မောင်းနှင်သူများ အားသတ်မှတ်စည်းကမ်းနှင့်အညီ မောင်းနှင်ရေးအသိပညာပေး

ကော့မှူး ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော် (မြောက်) ကျေးရွာတွင် ပြေးဆွဲလျက်ရှိသော စက်တပ်သမ္မန်‌မောင်းနှင်သူများနှင့် ခရီးသည်များအန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေါ်မှုမရှိစေရေး အသိပညာပေးခြင်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မြတ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျိုက်ထော် (မြောက်) ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကျိုက်ထော် (မြောက်) ကျေးရွာ ညောင်ပင်ဆိပ်ကမ်း၌ ဆောင်ရွက်နေကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မြတ်နှင့်တာဝန်ရှိသူများက ကျိုက်ထော်တိုးမြစ်အတွင်း စက်တပ်သမ္မန်မောင်းနှင်သူများအနေဖြင့် မိုးလေဝသသတင်းကို အချိန်နှင့်တစ်ပြေးညီ နားထောင်ကြရန်၊ လေပြင်းတိုက်ခတ်ချိန်တွင် သက်ဆိုင်ရာကူးတို့ဆိပ်ကမ်းမှ မောင်းနှင်ထွက်ခွာခြင်း မပြုလုပ်ကြရန်၊ ရေယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ခရီးသည်အတိုင်း တင်ဆောင်ကြရန်၊ ကုန်ပစ္စည်းများ တင်ဆောင်ပါက ခရီးသည်တင်ဆောင်ခြင်းမပြုလုပ်ကြရန်၊ သမ္မန်များတွင် ထားရှိရမည့် အသက်ကယ်ဘောကွင်း၊ အသက်ကယ်အင်္ကျီတို့ကို လုံလောက်စွာထားရှိရန်နှင့် ဝတ်ဆင်မောင်းနှင်ကြရန်၊ ရေစီးသန်မှုကြောင့်‌ ခရီးသည်များ အတက်အဆင်းပြုလုပ်ရာတွင် အန္တရာယ်ကင်းရှင်းစေရေးတို့အား အသိပညာပေး‌ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ