မဟာအောင်မြေ ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ အများပြည်သူများ လျှပ်စစ်ဓာတ်အားကို ယခင်ကထက် ပိုမိုတိုးချဲ့သုံးစွဲနိုင်ရန် လျှပ်စစ်ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင်တည်ဆောက်လျက်ရှိကြောင်း မဟာအောင်မြေမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးမင်းသိန်းထံကသိရသည်။
အဆိုပါ အများပြည်သူသုံး လျှပ်စစ်ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများတိုးချဲ့ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများအဖြစ် မဟာအောင်မြေမြို့နယ် ၆၈/၄၃ လမ်းထောင့်တွင် (၃၁၅)ကေဗွီအေထရန်စဖော်မာ(၁)လုံး၊ ၅၆/၄၁ လမ်းထောင့်တွင် (၃၁၅)ကေဗွီအေ ထရန်စဖော်မာ (၁) လုံးနှင့် ၅၇/၃၆ လမ်းထောင့်တွင် (၃၁၅)ကေဗွီအေထရန်စဖော်မာ (၁)လုံး စုစုပေါင်းထရန်စဖော်မာ(၃)လုံးတို့အား တိုးချဲ့တပ်ဆင်တည်ဆောက်လျက်ရှိကြောင်း၊ ထရန်စဖော်မာများနှင့်အတူဆက်စပ်(၁၁)ကေဗွီဓာတ်အားလိုင်းနှင့် (၄၀၀)ဗို့ ဓာတ်အားလိုင်းများ ကိုပါတပါတည်း တိုးချဲ့တပ်ဆင်တည်ဆောက်လျက်ရှိကြောင်း မဟာအောင်မြေမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်းကရှင်းပြသည်။ ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တပ်ဆင်တည်ဆောက်ခြင်းကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ် ဓာတ်အားကို ယခင်ထက် ပိုမိုတိုးချဲ့သုံးစွဲနိုင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန် လျော့နည်းကျဆင်းကာ လျှပ်စစ်ဓာတ်အား ကိုဝန်အားနိုင်နင်းစွာဖြင့် စံချိန်စံညွှန်းနှင့်အညီ ဗို့အား ပြည့်ပြည့်ဝဝနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်နှင့် လျှပ်စစ်ထရန်စဖော်မာများ ချို့ယွင်းလောင်ကျွမ်းပျက်စီးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် တိုးချဲ့တပ်ဆင်တည်ဆောက်ရခြင်း ဖြစ်ကြောင်းနှင့် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးစေရေး ဆောင်ရွက်လျက်ရှိကြောင်း မဟာအောင်မြေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်း ပြောကြားချက်အရ ထပ်မံသိရသည်။
ဒီပါလင်း