မတ္တရာမြို့နယ်၌ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိရေးလုပ်ငန်းများဆောင်ရွက် မြို့ပေါ် (၅) ရပ်ကွက် ရာနှုန်းပြည့် လျှပ်စစ်မီးများရရှိ

မတ္တရာ ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိရေးအတွက် မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း မတ္တရာမြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ရာ ယခုအခါ မတ္တရာမြို့ပေါ် (၅)ရပ်ကွက်တွင် လျှပ်စစ်ဓါတ်အား ရာနှုန်းပြည့် မီးလင်းပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မတ္တရာမြို့ပေါ်ရှိ ဌာနပိုင် လျှပ်စစ်ထရန်စဖော်မာ (၃၁) လုံးရှိရာ  (၁၁)လုံးမှာ ပျက်စီးသွားခဲ့သဖြင့် 200KVAထရန်စဖော်မာ(၉)လုံး 315 KVA ထရန် စဖော်မာ (၂)လုံးအား အသစ်လဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ်ဓါတ်အား လိုင်းကြိုးများ  အသစ်တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရပြီး ယခုအခါ မြို့ပေါ်(၅) ရပ်ကွက်ရှိ ဌာနပိုင် လျှပ်စစ်ထရန်စဖော်မာအားလုံးမှ လျှပ်စစ်ဓါတ်အားများ ဖြန့်ဖြူးပေးနေပြီဖြစ်သည့်အတွက် ရာနှုန်းပြည့် မီးလင်းနေပြီဖြစ်သည်။ တောင်ပြုံး လျှပ်စစ်ဓါတ်အားခွဲရုံမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေသော ကျေးရွာ (၄၆)ရွာသို့လည်း   လျှပ်စစ်ဓါတ်အား ပေးပို့လျက်ရှိကြောင်း သိရသည်။

မြို့နယ် လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် လက္ကောင်းကြီးကျေးရွာအုပ်စု ကန်ဖြူကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် လျှပ်စစ်ဓါတ်အားပြန်လည်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသောကျေးရွာများကိုလည်း လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရာသား