ဒဂုံအရှေ့ ဇွန် ၂
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက် ရှင်ထွေးညိုမင်္ဂလာကန်တော်ပတ်ဝန်းကျင်၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် “ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်တစ်ခုဖြစ်သည့် မိုးခေါင်ရေရှားပါးမှုဒဏ် ကြံ့ကြံ့ခံနိုင်ရေးရည်ရွယ်သည့် လှုပ်ရှားမှုအား ဒဂုံမြို့သစ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့သည်။
ထို့နောက် "ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး"၊ "သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုဒဏ် ကြံ့ကြံ့ခံနိုင်ရေး မြေသယံဇာတများအား ထိန်းသိမ်းပေး"၊ "နိုင်ငံအတွင်း မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းစုပေါင်းဒို့ကာကွယ်" စသည့်ခေါင်းစဉ်ပါ လက်ကမ်းစာစောင်များကို အမှတ် (၁၃) ရပ်ကွက်ဈေးရှိ ဈေးသည်များ၊ ရပ်ကွက်နေပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက်