ချမ်းမြသာစည် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းနွယ် ဦးဆောင်၍ ရက် ၁၀၀ ကာလအတွင်း ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ ထွန်တုံးရပ်ကွက်ကျေးလက်ကျန်းမာရေး ဌာနခွဲရုံးတွင် ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းနွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လေး(ကျန်းမာပညာ)က ကျန်းမာသော လူနေမှုဘဝပုံစံများ ရရှိစေ၍ အစားအာဟာရ စားသုံးရမည့်ပုံစံများအကြောင်း သရုပ်ပြရှင်းလင်း ဟောပြောခြင်းနှင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း (နာရီဝက်) ခန့်နေ့စဥ်ပြုလုပ်ရန် Vedio-Audio နည်းဖြင့် လေ့ကျင့်ခန်းများ ပြုလုပ်ရန် သင်ကြားပြသပေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ သားဖွားဆရာမ ဒေါ်ဝေနှင်းဖြိုးက ကိုယ်ဝန်ဆောင်မိခင်များ စားသောက်ရမည့် အာဟာရများအကြောင်းနှင့် ၂ နှစ်အောက်ကလေးများ ပုံမှန်ကာကွယ်ဆေးထိုးနှံမည့် ဆေးထိုးနှံမှုဇယားပုံစံအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးအသိပညာပေး အခမ်းအနားသို့ တက်ရောက်လာသော အသက် ၄၀ ကျော် လူကြီးများအား နှလုံး၊ သွေးတိုး၊ ဆီချိုများ စစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာပေးခြင်းများ ပြုလုပ်၍ ဆေးပေးခြင်း၊ ဆောင်ရန်ရှောင်ရန်များ ပြောကြားပေးခြင်းနှင့် မွေးကင်းစ (၂)လ အရွယ်မှစ၍ (၅)နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလင်းသစ် (ပြန်/ဆက်)