ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီး သမဝါယမအသင်းစုပိုင် ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ခခူးရက်ကန်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇွန် ၂

ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပြည်နယ်သမဝါယမဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဇွန် ၁ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့နယ်အတွင်းရှိ သမဝါယမအသင်းစုပိုင် ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ခခူး ရက်ကန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှမြင့်၊ တာဝန်ရှိသူများလိုက်ပါလျက် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့် တင်ရေး ရန်ပုံငွေ မတည်ပံ့ပိုးမှုဖြင့် ဒေသတွင်း ပထမဆုံး နှစ်ဖက်ချောစက္ကူနှင့် ဗလာစာအုပ် ထုတ်လုပ် နိုင်ခဲ့သည့် ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်ပိုင် စက်ရုံသို့ သွား ရောက်ပြီး စက်ရုံအတွင်း စက်ယန္တရားကြီးများဖြင့် စက္ကူ၊ စာရွက်ဟောင်းများ၊ စာရွက်အပိုင်းဖြတ်စများအား Recycle ပြုလုပ်၍ ပျော့ဖတ်များမှ တစ်ဆင့် စက္ကူအကြမ်း/ အချော၊ တစ်ရှူးစက္ကူများ၊ ကတ်ထူစက္ကူ များ ထုတ်လုပ်မှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကုန်ကြမ်းရရှိမှု အခြေအနေများနှင့် ကုန်ချောထုတ်လုပ်ရောင်းချနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက ကုန်ကြမ်း စုဆောင်းရရှိရေးနှင့် နှစ်ဖက်ချောစက္ကူ၊ ဗလာစာအုပ်များကို ထုတ်ကုန်အရည်အသွေးပြည့်မီ အောင်ဆောင်ရွက်ပြီး ပြည်နယ်အတွင်းသာမက သမဝါယမအသင်းများနှင့် ချိတ်ဆက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် လိုအပ်သည်များကို သမဝါယမဦးစီးဌာနနှင့် ချိတ်ဆက် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဂျာမိုင်ကောင်းရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပံ့ပိုးမှုဖြင့် အဝတ်အထည်များအား ဒေသတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ခခူး ရက်ကန်းလုပ်ငန်း သမဝါယမ အသင်းလီမိတက်ပိုင် စက်မှုလက်မှုရက်ကန်းလုပ်ငန်းရုံသို့ သွားရောက်ခဲ့ကြပြီး ရက်ကန်းရုံအတွင်း ချည်ထုတ်ခြင်းမှစတင်၍ တိုင်းရင်းသားရိုးရာ အဆင်ဒီဇိုင်းများပါဝင်သည့် အဝတ်အထည်များအား လက်ရက်ကန်းစင်များ၊ စက်ရက်ကန်းများဖြင့် ကုန်ချောအဆင့်ထိ အဆင့်ဆင့်ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေး လိုအပ်သည်များနှင့် ခေတ်နှင့်အညီ အရည်အသွေးပြည့်ဝသည့် ဒီဇိုင်းများဖြင့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့ ပြည်နယ်သမဝါယဦးစီးဌာနရုံး ဆွတ်ဂျာအိန်ခန်းမ၌ သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်နယ်သမဝါယမဦးစီးဌာနအနေဖြင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စက်မှုလက်မှုထုတ်ကုန်လုပ်ငန်းများအတွက် သမဝါယမအသင်း(၈၀၀) ကျော်ဖြင့် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို သိရှိရပြီး သမဝါယမလုပ်ငန်းများ တိုးတက်အောင်မြင်စေရေး ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းပြောကြားပြီး ပြည်နယ်ဦးစီးမှူး ဦးလှမြင့်က သမဝါယလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)