မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား တာ၀န်ရှိသူများက ကြည့်ရှုအားပေး

မြောက်ဥက္ကလာပ ဇွန် ၂

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ၊ ဇွန်လ ၁ ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း စာသင်ကျောင်းအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား တာ၀န်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိသည့် အခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးဟိန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဟန်ကိုကိုတို့မှ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား (၁၀) နှစ်အထက် နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ပေးနေမှု၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၇) အခြေခံပညာအလယ်တန်းကျောင်းများတွင် ကျောင်းပတ်ဝတ်ကျင် သန့်ရှင်းမှုရှိစေရေးနှင့် စာသင်ခန်းအတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်သင်ကြားနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် မြောက်ဥက္ကလာပမြို့နယ်အတွင်း အခြေခံပညာကျောင်း ၆၃ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးသင်ကျောင်း ၁၀ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂၃ ကျောင်းရှိရာ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် မြို့နယ်အတွင်း မေ ၂၅ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ကျောင်းအပ်နှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ ၄၄၀၄၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)