တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးဆွေးနွေးပွဲကျင်းပ

တံတားဦး ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းပြီး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် ချောင်းခွစိုက်ပျိုးရေးရှေးတန်းစခန်း၌ ကျင်းပကြောင်း သိရသည်။

ဦးစွာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးစိုးမြတ်သူက တောင်သူများအနေဖြင့် ဆည်ရေကိုအကျိုးရှိစွာအသုံးချရေးအကြောင်းနှင့် ဆည်ရေကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ပူးပေါင်းပါဝင်သော ဆည်မြောင်းစနစ်ဖြင့် ရေးအသုံးချသူများအဖွဲ့ ဖွဲ့စည်း စနစ်တကျဖွဲ့စည်းရေးအေကြာင်းကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးကျော်ဆန်းလင်းက စိုက်ပျိုးနည်းစနစ်မှန်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေး၊ မျိုးကွဲနှုတ်ပယ်ရေး၊  ဓာတ်မြေဩဇာသုံးစွဲမှုမှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေးတို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဇီးချောင်းကျေးရွာ၊ ပျားကျေးရွာ၊ ငါးဇင်ရိုင်းကျေးရွာ၊ ချောင်းခွကျေးရွာနှင့် အိမ်ကန်ကျေးရွာတို့မှ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)