သာစည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

သာစည် ဇွန် ၂

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နိုင်ငံတဝင်း၌ ဇွန် ၁ ရက်က စတင်ဖွင့်လှစ်ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းတက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ယူလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှထွန်းနှင့်တာဝန်ရှိသူများက အမှတ် (၁)နှင့်အမှတ်(၂)၊ မယ်ဇလီကန်နှင့် ပြည်ညောင် (ကား)အထက်တန်းကျောင်းများသို့ လှည့်လည်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ ကျောင်းစည်းကမ်းများနှင့်အညီလိုက်နာပြီးပညာကို ကြိုးစားသင်ယူကြရန်နှင့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြရန် အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် အခြေခံပညာကျောင်း ၂၁၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်းနှစ်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ခြောက်ကျောင်းရှိကြောင်းသိရပြီး  ကျောင်းသား၊ ကျောင်းသူ အခြေခံပညာမူလတန်းအဆင့် ၂၂၆၇၅ ဦး၊ အလယ်တန်းအဆင့်တွင် ၁၁၉၇၆ ဦးနှင့် အထက်တန်းအဆင့်တွင် ၂၆၁၉ ဦးတို့ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)