ကြို့ပင်ကောက် ဇွန် ၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် Biometric Data ကောက်ယူဆောင်ရွက်ပေးခြင်းများကို ယနေ့က ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မာင်ထွေးက နိုင်ငံသားစိစစ်ရေးကတ်သည် နိုင်ငံသားတိုင်း ကိုင်ဆောင်ရမည့်ဖြစ်ပြီး နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရေအတွက် ကိုင်ဆောင်ထားဖို့လိုအပ်ကြောင်း ပျောက်ဆုံးပျက်စီးမှုများမဖြစ်ပေါ်စေရေးအတွက် ဂရုစိုက်တန်ဖိုးထား၍ ကိုင်ဆောင်သင့်ကြောင်း ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်ထွဋ်က နိုင်ငံသားစီစစ်ရေးကတ်မရှိသူများ ရရှိခံစားကြရမည့် အခက်အခဲများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသီးသီးပေးအပ်ခဲ့ကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို သက်ဆိုင်ရာမြို့နယ်ရုံး၌ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက်နှင့် အခြေခံပညာကျောင်းများသို့လည်း မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်စိုးက ပြောကြားခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)