စဉ့်ကူးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်နိုင်ရေး မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်

စဉ့်ကူး ဇွန် 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း​အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေပုဒ်မခွဲ (က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်သော ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရပ်ကွက်/ကျေးရွာအုပ်စု (၃၉)အုပ်စုရှိသည့်အနက် နယ်မြေဒေသအခြေအနေအရ ကွင်းဆင်းဆောင်ရွက်နိုင်မည့် (၁၈)အုပ်စုတွင် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများဖြင့် မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ (၆)ဖွဲ့ခွဲ၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ဝင်များက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များမှ သိရှိလိုသည့်အချက်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များအနေဖြင့် မိမိတာဝန်ကျရာ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် မြေပြင်ကွင်းဆင်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်များအလိုက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)