မင်းဘူး ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့လာသော ကျေးရွာများမှ နွားများကို ပေါင်ပုတ်လက်ပုတ် ရောဂါကြိုတင်ကာကွယ်ဆေးများကို ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရ သည်။
ကာကွယ်ဆေးထိုးနှံရခြင်းနှင့်ပတ်သက်၍ မယ်ဘေ့ကုန်းကျေးရွာမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား ကိုပိုက်က “နိဗ္ဗာန်ကျွန်း ကျေးရွာကနေ ရေဘေးလွတ်ရာကို ပြောင်းရွှေ့လာကြတဲ့ နွားတွေဟာ အရိပ်မရှိ၊ အမိုးအကာမရှိဘဲ ထားနေရတော့ ပေါင်ပုတ် လက်ပုတ်ရောဂါ ဖြစ်ပွားနိုင်ပါတယ်၊ ဒီပေါင်ပုတ်လက်ပုတ်ရောဂါဟာ နွားတွေကို သေစေနိုင်ပါတယ်။ အဲဒါကြောင့် အခုလို ဆေးထိုးပေးလိုက်တဲ့အတွက် တိရစ္ဆာန်တွေ ကျန်းမာစွာနေနိုင်ပြီးတော့ တောင်သူတွေအနေနဲ့လည်း နွားဈေး တန်ဖိုး ကောင်း ရရှိနိုင်မှာဖြစ်တယ်”လို့ ပြောသည်။
မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာပေါင်းကိုးရွာတို့တွင် ဇူလှိုင်လ ၂၉ ရက်နေ့မှ ဩဂုတ် လ ၄ ရက်နေ့ထိ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသော ရေဘေးသင့် အိမ်ထောင်စု ၅၄၃ စုမှ နွားအကောင်ရေ ၄၂၀ ကို မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ပေါင်ပုတ်လက်ပုတ်ရောဂါ ကြိုတင်ကာကွယ်ဆေးများ သွားရောက်ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)