လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများပြုလုပ်

လိပ်သို ဇွန် ၅

၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်ပြိုင်ပွဲများကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူသားများနှင့် သဘာဝပတ်ဝန်းကျင်သည် အပြန်အလှန်မှီတည်နေသောကြောင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးယိုယွင်းအောင် လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း ကမ္ဘာ့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့်စပ်လျဉ်း၍ အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်နှင့် ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ထိုင်ခုံလု ပြိုင်ပွဲ၊ စာအုပ်ကမ်းပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၅) ဦးက ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ဖလောရင်း