ဒေးဒရဲမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း (၁/ ၂၀၂၆)ဖွင့်ပွဲ ကျင်းပ

ဒေးဒရဲ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက စနစ်တကျ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှုဝန်ထမ်းစိတ်ကို အခြေခံသည့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှုးဖွင့်လှစ်သော သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက  မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ရွာအခြေပြု မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးနှင့် ကပ်ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက်  ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်၍ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်ကြီး(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် တာဝန်များဆောင်ရွက်ရာတွင် သန္ဓေတပ်ဖွဲ့ဝင်များနှင့် အတူတကွ ပါဝင်ဆောင်ရွက်သွားရမှာဖြစ်၍ သင်တန်းသားများ အနေဖြင့် ကြိုးကြိုးစားစား သင်ယူလေ့လာသွားကြရန်နှင့် သင်ယူခဲ့သော ဘာသာရပ်များကို အခြေခံပြီး မိမိရပ်ရွာဒေသ မီးဘေးလုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရပ်ကွက်၊ ကျေးရွာများရှိ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦး ရွေးချယ်စုဖွဲ့ထားပြီး သင်တန်းနည်းပြများအဖြစ်  မြို့နယ်မီးသတ်ဦးစီးဌာနက တပ်ဖွဲ့ဝင် များက  မီးသတ်ပညာဘာသာရပ်များအား  စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း