ငွေဆောင်မြို့၌ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးနှင့် Placement Test (အထူးအစီအစဉ်) လျှောက်ထားဖြေဆိုခွင့်ဆိုင်ရာ အသိပညာပေးကွင်းဆင်းဆောင်ရွက်

ငွေဆောင် ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် Placement Test (အထူးအစီအစဉ်) လျှောက်ထားဖြေဆိုခွင့်နှင့် ပက်သက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ သိရှိနားလည်စေရေးတို့အတွက် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးဆောင်၍ အခြေခံပညာအထက်တန်းကျောင်း(ငွေဆောင်)မှ ကျောင်းအုပ်ဆရာမကြီး၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအလိုက် ကွင်းဆင်း၍ စာရင်းကောက်ယူခြင်း၊စစ်ဆေးခြင်းနှင့် စည်းရုံး ခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အတန်းစဉ်ကူးပြောင်းမှုအရ ကျောင်းလာရောက်အပ်နှံခြင်း မရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများ၊ KG နှင့် Grade-1 တက်ရောက်ရန် အသက်အရွယ် ပြည့်မီသည့် ကလေးငယ်များ၏ စာရင်းများကို အိမ်တိုင်ရာရောက် ကောက်ယူ စစ်ဆေးခဲ့ကြသည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းထွက်သူများ ပညာသင်ကြားမှု ပြန်လည်ရရှိစေရေးနှင့် Placement Test (အထူးအစီအစဉ်) ကို လျှောက်ထားဖြေဆိုနိုင်မည့် အခွင့်အရေးများအကြောင်း ရှင်းလင်းအသိပေးဆွေးနွေးခဲ့ကြသည်။

 ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုမှ တစ်ဆင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိစေရေး၊ ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးများ ပညာရေးစနစ်အတွင်း ပြန်လည် ဝင်ရောက် နိုင်စေရေးနှင့် မိဘပြည်သူများအနေဖြင့် ပညာရေးဆိုင်ရာ အထူးအစီအစဉ်များကို သိရှိနားလည်၍ ပူးပေါင်းပါဝင်လာစေရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး (ပြန် / ဆက်)