‎မဟာအောင်မြေမြို့နယ်၌ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများရရှိရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်

မဟာအောင်မြေ  ဇွန် 

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လေးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပွင့်ဦးအိမ်တို့ ပူးပေါင်း၍ ရက် ၁၀၀ ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ တမာကုန်းဓမ္မာရုံ၌ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ပြည်သူများအတွက် ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါ်အေးအေးမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လေး (ကျန်းမာပညာ)က ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပွင့်ဦးအိမ်က ကျန်းမာ သော လူနေမှုဘဝပုံစံများအကြောင်း၊ မြို့နယ်ကျန်းမာရေးဆရာမ ဒေါ်နှင်းအိအိလှိုင်နှင့် ဒေါ်သဲယဉ်ယဉ်လှိုင်တို့ကလည်း သွေးလွန်းတုပ်ကွေးရောဂါအကြောင်း၊ တီဘီရောဂါကာကွယ်ရေးအကြောင်းများကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ဆက်လက်၍ ကျန်းမာ​ရေးအသိပညာပေးအခမ်းအနားသို့ တက်ရောက်လာသော ရပ်ကွက်နေပြည်သူ ကျား ၄၂ ဦး၊ မ ၁၁၅ဦး စုစုပေါင်း ၁၅၇ဦးအား  ဆေးစိမ်ခြင်‌ထောင်များကို ဖြန့်ဝေခဲ့ပြီး ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့သည်။

ထို့နောက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် (abate) ဆေးခပ်ခြင်းများကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

‎‎အောင်ဇော်မင်း