စဉ့်ကိုင်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်‌ရေးအတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ရေးလုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေး

စဉ့်ကိုင် ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်‌ရေးအတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ရေး လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ဇွန် ၅ ရက် နံနက် ၉ နာရီခွဲက မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်‌အောင်မောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး‌‌နောက် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်‌ရေးအတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ရေးလုပ်ငန်းစဉ်များ၊ ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်း‌‌ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ရပ်ကွက်/ကျေးရွာအုပ်စု ၅၃ အုပ်စုတွင် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများဖြင့် မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ ၆ ဖွဲ့ခွဲ၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ဝင်များက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များမှ သိရှိလိုသည့် အချက်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်‌အောင်မောင်မောင်က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များအနေဖြင့် မိမိတာဝန်ကျရာ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် မြေပြင်ကွင်းဆင်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်များအလိုက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)