ပန်းတောင်း ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို စနစ်တကျ သိရှိလိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက ပန်းတောင်းမြို့နယ် ကျောက်ဖူးကျေးရွာအုပ်စု၊ ကျောက်ဖူးကြားစခန်း သိုလှောင်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသခံတောင်သူများ သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲခြင်းဖြင့် စိုက်ပျိုးစရိတ်ကို သိသိသာသာ လျှော့ချပေးနိုင်ရုံသာမက မြေဆီလွှာပျက်စီးမှုကို ကာကွယ်ပေးပြီး သီးနှံများ အထွက်နှုန်းတိုးတက်စေနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက သဘာဝမြေသြဇာ (Biochar) ပြုလုပ်နည်း အဆင့်ဆင့်ကိုလည်းကောင်း၊ သဘာဝမြေသြဇာအသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့သရုပ်ပြသခဲ့ရာ တက်ရောက်လာသော တောင်သူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးလင်းလင်းထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)