မော်လမြိုင်ကျွန်းမြို့နယ်၌ မှိုစိုက်ပျိုးထုတ်လုပ်နည်း ပညာပေးသင်တန်းဖွင့်လှစ်

မော်လမြိုင်ကျွန်း ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဒေသခံတောင်သူများ ဝင်ငွေတိုးပွားလာစေရေးနှင့် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အထိ မှိုစိုက်ပျိုးထုတ်လုပ်နိုင်စေရေး ရည်ရွယ်၍ မှိုစိုက်ပျိုးထုတ်လုပ်နည်း ပညာပေးသင်တန်းကို ဇွန် ၅ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာစေရေးအတွက် မှိုစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟေမာန်ကျော်ဝင်းက မှိုစိုက်ပျိုးထုတ်လုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ မှိုမျိုးစေ့ပြင်ဆင်နည်း၊ မှိုစိုက်ထုပ်ပြုလုပ်နည်းနှင့် မှိုစိုက်ပျိုးထုတ်လုပ်နည်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းတွင် မှိုစိုက်ပျိုးထုတ်လုပ်နည်းများကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး မှိုမျိုးစေ့ပြင်ဆင်နည်း၊ စိုက်ပျိုးထိန်းသိမ်းနည်းများကို လက်တွေ့သရုပ်ပြ သင်ကြားပေးခဲ့ပြီး သင်တန်းတက်ရောက်လာကြသည့် တောင်သူများအနေဖြင့် မှိုစိုက်ပျိုးထုတ်လုပ်မှုကို လက်တွေ့အသုံးချနိုင်စေရန်အတွက် မှိုမျိုးထုပ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိတို့က ပေးအပ်ခဲ့ပြီး သင်တန်းမှတစ်ဆင့် ဒေသခံတောင်သူများအနေဖြင့် မှိုစိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများတိုးပွားလာပြီး မိသားစုဝင်ငွေ တိုးမြှင့်ရရှိစေရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)