လသာမြို့နယ်၌ ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လသာ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် အမှတ် (၆) ရပ်ကွက်တွင် ခြင်ကြောင့် ဖြစ်တတ်သော ကူးစက်ရောဂါများ၊ အစားအသောက်နှင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် လုပ်ငန်းခွင် ပတ်ဝန်းကျင် ကျန်းမာရေးလုပ်ငန်းများကို ဇွန် ၃ ရက်နေ့ ညနေပိုင်းအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို လသာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးလုပ်သားများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိသောနေရာများအား စစ်ဆေးရှင်းလင်းခြင်း၊ ခြင်ပေါက်ဖွားရာနေရာများ ဖယ်ရှားခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်သူများ၏ ကျန်းမာရေးကောင်းမွန်ရေးနှင့် ကူးစက်ရောဂါများ လျော့နည်းကျဆင်းစေရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)