ချောက် ဩဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒု-မဲရုံး မှူးနှင့်အဖွဲ့၀င်များ ခန့်အပ်နှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီခွဲက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်နုက မဲဆန္ဒရှင်စာရင်းအား ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ(၈)ရက်နေ့ အထိ ပထမအကြိမ် ကြေညာထားပြီးဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ချောက်မြို့နယ်ရှိ သက်ဆိုင်ရာ လွှတ်တော် အလိုက် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များကို သတ်မှတ်ထားပြီးဖြစ် ကြောင်း၊၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်သွားစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်ချောစုရည်မှလည်း မဲရုံမှူး၊ ဒုမဲရုံးမှူးနှင့်အဖွဲ့၀င်များ ခန့်အပ်နှံရေးအတွက် ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံဖွဲ့စည်းခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်စီစီ၀င်းမှလည်း မိမိတို့ပညာရေးဌာနအနေဖြင့် အစွမ်းကုန်ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက် လာကြသည့် အဖွဲ့ဝင်များက ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
မချို(ပြန်/ဆက်)