ဟားခါး ဇွန် ၅
Chin National Defence Force ( CNDF ) ၊ Chin Brotherbood ( CB ) အကြမ်းဖက်သောင်းကျန်းသူများ၏ ယာယီထိန်းချုပ်ထားသော ဖလမ်းမြို့ကို ဧပြီလ ၂၅ ရက်နေ့တွင် တပ်မတော်က အလုံးစုံပြန်လည်သိမ်းယူခဲ့ပြီးနောက် ဖလမ်းမြို့တွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်းများ နှင့် ၎င်းတို့၏ မိသားစုဝင်များသည် မော်တော်ယာဉ်များဖြင့် ပြန်လည်ဝင်ရောက်လျက်ရှိရာ ဇွန်လ ၄ ရက်နေ့တွင် ကလေးမြို့၌ တိမ်းရှောင်နေသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖလမ်းမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာကြပြီး ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
ဖလမ်းမြို့ကို တပ်မတော်က အလုံးစုံပြန်လည်သိမ်းယူပြီးနောက် နယ်မြေဒေသတည်ငြိမ်အေးချမ်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာရုံးလုပ်ငန်းများနှင့် အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက်ယာယီတိမ်းရှောင်နေကြသော နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ကလေးမြို့၌ ယာယီတိမ်းရှောင်သည့် နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ မေလ ၆ ရက်နေ့တွင် ပထမအကြိမ်အဖြစ် မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင် ပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဇွန်လ ၄ ရက်နေ့တွင် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
အလားတူ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ အိမ်ထောင်စု ( ၆၀၀ ) စာနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေ (၁၀)တန် ၊ သွပ် (၂၀) တန် ၊ သွပ်ရိုက်သံ (၁၀) ဖာ ၊ ဆန် (၈) တန်များကို ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)